မောက်မယ် မေ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ၂၀၂၄ခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅မျိုး ဆောင်းပဲပုတ်သီးနှံများကို ပိုမို၍စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရိတ်သိမ်းချွေလှေ့ချိန်တွင် စျေးကောင်းရရှိကြောင်း တောင်သူများထံမှ သိရသည်။
မောက်မယ်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ ဒေသခံရှမ်းတိုင်းသားများ၏ အဓိကစားသုံးသည့် ပဲပုတ်သီးနှံ အထွက်တိုးစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးသည့် ရေဆင်း−၁၅မျိုး ကို မိုးစပါးအပြီးသီးထပ်စိုက်ပျိုးသည့် စံပြလယ်စိုက်ခင်းများကို ဒေသခံတောင်သူများက ပိုမိုစိုက်ပျိုးကြရာ အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များ မှန်ကန်စေရန်၊ စိုက်ပျိုးရေးသုံး သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးတတ်စေရန်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေအလိုက်ကွင်းဆင်းပြီး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးသည့်အတွက် ယခုနှစ်ပဲပုတ်ရိတ်သိမ်းချွေလှေ့ချိန်တွင် တစ်ပိဿာ(၂၅၀၀)ကျပ်ဖြင့်စျေးကောင်းရရှိကြောင်း တောင်သူများထံမှသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)