နေပြည်တော် မေ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ အေဂျင်စီအဖွဲ့ဝင်ဌာနများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းရန် အရေးကြီးဆုံးဖြစ်ကြောင်း၊ ဌာနများအနေနဲ့ လုပ်ငန်းရှင်များကို One Stop Service အနေနဲ့ ဆောင်ရွက်ပေးနိုင်မှသာ လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်ဦးစားပေးအမယ်များအဖြစ် အောင်မြင်အောင်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် Work Plan တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)