ကျိုင်းတုံ မေ ၃
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ လူမှုရေး၊ စီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်နယ်၏ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ပေးချေရမည့်တန်ဖိုးနှင့်ညီမျှသည့် ရလဒ်ကောင်းများရရှိပြီး ပြည်သူအတွက် လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ကြရန်ပြောကြားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား သက်ဆိုင်ရာ ဌာနတာဝန်ခံများထံ တာဝန်ပေးအပ်လွှာများ ပေးအပ်သည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ခွဲဦးစီးမှူး ဦးသန့်ဇင်ထွန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)