သီပေါမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သီပေါ မေ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့် အလုပ်များ၊ အန္တရာယ်ရှိသည့် အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရသည့် အလုပ်လုပ်ကိုင်နေသည့် ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုနှင့် အလုပ်သမားဥပဒေဆိုင်ရာအချက်များ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)