သီပေါ မေ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက် ၈ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ ဘာသာတရားနှင့်တကွ ယဉ်ကျေးသိမ်မွေ့သော လူ့ကျင့်ဝတ်များကို နားလည်ကျင့်သုံးတတ်လာစေရန်၊ လိမ္မာယဉ်ကျေးသော နိုင်ငံ့သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာများက သင်တန်းကို ဘာသာရပ်အလိုက် ပို့ချခဲ့ကြကြောင်း၊ သင်တန်းတွင် ဗုဒ္ဓဝင်အကျဉ်း၊ ဘုရားရှိခိုးအမျိုးမျိုး၊ လောကနီတိ၊ ကျင့်ဝတ်များ၊ (၃၈)ဖြာမင်္ဂလာနှင့် ဆုံးမစာများစသည်တို့ကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ မေလ(၂)ရက်နေ့မှ (၈)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ (၁၁)နာရီအထိ (၇)ရက်ကြာ သင်ကြားပြသ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)