နောင်ချို မေ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရဟန်းသံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသားများ၊ ယာယီနေရပ်စွန့်ခွာသူများ အသုံးပြုနိုင်ရန် ဆွမ်းဆန်၊ ဆီ၊ ဟင်းချက်စရာများကို စဥ်ဆက်မပြတ် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
လှူဒါန်းရာတွင် နောင်ချိုမြို့နယ်အတွင်းနှင့် ရပ်နီးရပ်ဝေးမှ ဒါယိကာ၊ ဒါယိကာမများက ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်၊ ဟင်းချက်စရာများကို ယမန်နေ့က လှူဒါန်းခဲ့ရာ သဖန်းကိုင်းဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ရဟန်း၊ ရှင်သာမဏေ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အခမဲ့ကွန်ပျူတာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် အာယုဒါန (အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယာယီနေရပ်စွန့်ခွာသူများ၏ နေထိုင်ရေး၊ စာသောက်ရေးကိစ္စများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)