မိတ္ထီလာ မေ၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အပူဒဏ်သက်သာစေရန် ရည်ရွယ်ချက်ဖြင့် ရွှေမန်းကျောင်းဆရာတော် ဘဒ္ဒန္တသဇ္ဇန၏ ဦးဆောင်မှုဖြင့် မိုးခေါ်လွန်ဆွဲပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က အရှေ့ပြင်ဈေးရပ်ကွက် မိတ္ထီလာမြောက်ကန်အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးခေါ်လွန်ဆွဲပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများနှင့် လာရောက်ကြည့်ရှုသူများအား အလှူရှင်စေတနာရှင်များက စတုဒိသာထမင်းနှင့်ဟင်းများ ကျွေးမွေးလှူဒါန်းခြင်း၊ အဖျော်ယမကာများ တိုက်ကျွေးလှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ပြီး လွန်ဆွဲပွဲတွင် အမျိုးသား ၁၆ သင်းနှင့် အမျိုးသမီး ၅ သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ "အပူဒဏ်သက်သာစေဖို့၊ မိုးရွာသွန်းစေဖို့ ရည်ရွယ်ပြီး မိုးခေါ်လွန်ဆွဲပွဲကို ကျင်းပတာပါ။ လွန်ဆွဲပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အသင်းတွေကလည်း အနိုင်အရှုံး အဓိကမထားဘဲ လွန်ဆွဲပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့ ပါဝင်ယှဉ်ပြိုင်ကြတာမို့ ကျေးဇူးတင်ပါတယ်"ဟု အဆိုပါလွန်ဆွဲပွဲကျင်းပရေး ဦးဆောင်သူ လူငယ်တစ်ဦးက ပြောသည်။ အဆိုပါ လွန်ဆွဲပွဲသို့ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများက စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှု့အားပေးခဲ့ပြီး လွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ