မူဆယ် မေလ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ပေါ်အတွင်း လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှု၊ ခိုးမှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဆောင်ရွက်နိုင်သည့်အပေါ် ဂုဏ်ပြုပွဲအခမ်းအနားကို မုန်းဝန်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ဂုဏ်ပြုပွဲအခမ်းအနားတွင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် “မူဆယ်မြို့ပေါ်တွင် လတ်တလာဖြစ်ပေါ်နေသည့်အခြေအနေကို အခွင့်ကောင်းယူ၍ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှု၊ ခိုးမှုများ ကျူးလွန်သူများကို စွမ်းစွမ်းတမံ ဖော်ထုတ်အရေးယူခဲ့သည့် တပ်ရင်း၊ တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုပေးခြင်းဖြစ်ကြောင်း၊ နောင်တွင်လည်း ပြစ်မှုများ ဖြစ်ပေါ်လာပါက ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပါက (၂၄) နာရီအတွင်း အလွယ်တကူ ဖမ်းဆီးအရေးယူနိုင်ကြောင်း ပြည်သူလူထုမှ ရာဇဝတ်မှုများပပျောက်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကြစေလိုကြောင်း” ပြောကြားသည်။ ဆက်လက်ပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့သည့် မူခင်းများအား မူဆယ်မြို့မ ရဲစခန်းမှု ဒုတိယရဲမှူး နေယုဆန်းက Power Point ဖြင့် ရှင်းလင်းသည်။ ထို့နောက် ဖော်ထုတ်ဖမ်းဆီးရမိမှုအပေါ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဦးစောဂေါ်ချိုက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီး လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှု၊ ခိုးမှုများ ကျူးလွန်သူများကို စွမ်းစွမ်းတမံ ဖော်ထုတ်အရေးယူခဲ့သည့် တပ်ရင်း၊ တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုငွေ(၂၇၀)သိန်းကို တာဝန်ရှိသူများက ပေးအပ်ချီးမြင့်ကြောင်းသိရှိရသည်။
ချယ်ရီမြေ(မူဆယ်)