ချင်းရွှေဟော် နိုဝင်ဘာ ၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးအကူအညီဖြင့် လွှဲပြောင်းလာသည့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသော မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၉၀)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိ/မရှိ ဓါတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ပြည့်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ၎င်းတို့၏ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် ဓါတ်ခွဲနမူနာများ ရယူခြင်းကို ယမန်နေ့ ည(၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၉၀)ဦးမှာ အမျိုးသား(၆၃)ဦး၊ အမျိုးသမီး(၂၇)ဦးတို့ဖြစ်ကြပြီး မန္တလေးတိုင်း ဒေသကြီးမှ(၁၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၆)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၁၀)ဦး၊ မကွေးတိုင်း ဒေသကြီးမှ(၁၂)ဦး၊ ကချင်ပြည်နယ်မှ(၃)ဦး၊ ရှမ်းပြည်နယ်မှ(၁၀)ဦး၊ ရခိုင်ပြည်နယ်မှ(၃၄)ဦးနှင့် နေပြည်တော်မှ(၂)ဦး တို့ဖြစ်ကြောင်း သိရသည်။
၎င်း မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူများ၏ ဓါတ်ခွဲနမူနာများအား ဓါတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေ:ဦးစီးဌာနမှ မန္တလေးမြို့ ၊ပြည်သူ့ကျန်းမာရေးဓါတ်ခွဲ မှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)