ကွမ်းခြံကုန်း မေ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်း (Smart Village)များ ရွေးချယ်ပွဲအခမ်းအနားကို ဧပြီလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် သက်မှတ်စံချိန်စံနှုန်းပြည့်မီသော ကျေးရွာ၊ စည်းလုံးညီညွတ်ပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသော ကျေးရွာများကို ဦးစားပေး ရွေးချယ်စေလိုကြောင်းနှင့် စီမံကိန်းအလိုက် သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာရွေးချယ်ပွဲ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရဲတင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးကျော်သူရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း (၂၀၂၄-၂၀၂၅)ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)(၇)ရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၁) ရွာခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်း စီမံကိန်း (Smart Village)(၁)ရွာ စုစုပေါင်း(၉)ရွာကို အတည်ပြု ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)