မြစ်သားမြို့နယ် ကင်းစိန်စျေးကျေးရွာအုပ်စုအတွင်းရှိ အောင်သပြေပန်းများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိ

မြစ်သား မေ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကင်းစိန်စျေးကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်(၄၈၆)တွင် အောင်သပြေပန်းများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။

အောင်သပြေပန်းများကို စိုက်ပျိုးရာတွင် (၂)နှစ်ကြာစိုက်ပျိုးရပြီး အောင်သပြေပန်းများ၏ သက်တမ်း မှာ (၇)နှစ်ရှိကြောင်း၊ အောင်သပြေအပင်များကို မြေဘောင်များပြုလုပ်ကာ လီအိုမြေသြဇာ အသုံးပြုပြီး တစ်ပင်နှင့်တစ်ပင် (၅) ပေအကွာ တစ်တန်းနှင့်တစ်တန်း (၆) ပေ အကွာ စိုက်ပျိုးကြကြောင်း လေဝင်၊ လေထွက်ကောင်းမွန်ပြီး ရေကိုလိုအပ်သလို အသွင်းအထုတ် ပြုလုပ်နိုင်သဖြင့် ပိုမိုအဆင်ပြေစွာဆောင်ရွက်နိုင်ခြင်း၊ အပင်များ အရောင်အသွေး ကောင်းမွန်လျက်ရှိကာ အောင်သပြေပန်းအညွှန့်များကို ပတ်ဝန်းကျင်ဒေသများနှင့် မြို့စျေးများတွင် ရောင်းချသောဖောက်သည်များကလည်း လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ ကင်းစိန်စျေး ကျေးရွာအုပ်စုတွင် နေထိုင်လျက်ရှိသည့် အောင်သပြေပန်းများ စိုက်ပျိုးထားသောခြံပိုင်ရှင် ဦးတင်ဦးထံမှ သိရသည်။

အောင်သပြေပန်းအညွှန့်များကို ရောင်းချရာတွင် တစ်ညွှန့်လျှင် (၁၅)ကျပ်နှုန်းဖြစ်ပြီး တစ်ရက်လျှင် အညွှန့်ပေါင်း(၂၀၀၀)ညွှန့်ရရှိကာ တစ်ရက်ပုံမှန်ဝင်ငွေအားဖြင့် ကျပ်(၃၀၀၀၀)ရရှိ၍ အောင်သပြေပန်းအညွှန့်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)