မိတ္ထီလာမြို့နယ်တွင်   အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာ (စင်တီမီတာချုပ်နည်း)သင်တန်း   ဖွင့်လှစ်သင်ကြားပေးသွားမည်

မိတ္ထီလာ မေ၂  

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာ(စင်တီမီတာချုပ်နည်း)သင်တန်းကို ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)ရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် ရက်ကန်းပညာအခြေခံသင်တန်းနှင့် အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းနှစ်မျိုးကို  ဖွင့်လှစ်လျက်ရှိရာ ရက်ကန်းအခြေခံပညာသင်တန်းမှာဆိုရင် ချည်မျှင်နှင့်အထည်လိပ်ကျွမ်းကျင်သင်တန်း၊ စက်ရက်ကန်းသင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းတွင် စက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေဆက် သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဒေသခံပြည်သူများ စက်ချုပ်တက်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ တစ်ပိုင်တစ်နိုင် စက်ချုပ်လုပ်ငန်းများ ထူထောင်နိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ အထည်ချုပ်စက်ရုံများအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။

အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို  သင်တန်းသားသင်တန်းသူ ၂၀ ဦးအား  မေလ ၁၀ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းသင်တန်းတွင် စက်နင်းလေ့ကျင့်ခြင်း၊ pattern ရေးဆွဲနည်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖြတ်ဆက်၊ အမျိုးသမီးဝတ်ချိတ်ထမီ၊ အမျိုးသမီးဝတ်သုံးလွှာ၊ အမျိုးသမီးဝတ်လေးလွှာ၊ ကလေးဝတ်ဂါဝန်၊ ကလေးဝတ်ဘောင်းဘီ၊ အမျိုးသားဝတ်သင်္ဘောသားအင်္ကျီ၊ အမျိုးသားဝတ်ရှပ်အင်္ကျီတို့ကို နေ့စဉ်နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားသွားမည့်အပြင် သင်တန်းကျောင်းရှိ အဆောင်တွင် နေထိုင်မည့်သင်တန်းသားသင်တန်းသူများအတွက် နေထိုင်စားသောက်ရေး အခမဲ့စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)