ညောင်ဦး ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားများကို ဒုတိယနေ့ဆက်လက်လေ့လာဖူးမြော် ကြည်ညိုကြသည်။
ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရာဇကဘုရား၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ တာမဏီသိမ်ကျောင်း၊ ရွှေဆံတော်ဘုရားတို့အား ဖူးမြော်ကြည်ညိုကြပြီး လူရည်ချွန် ကျောင်းသားကျောင်းသူများ စုပေါင်းလှူဒါန်းသည့် အလှူငွေများအား မန္တလေးတိုင်း ပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့်လူရည်ချွန် ကျောင်းသားကျောင်းသူများက ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌတို့ထံ ပေးအပ်လှူဒါန်း ကြသည်။
ဆက်လက်၍ လူရည်ချွန် ကျောင်းသားကျောင်းသူများအား ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများက ဘုရားကြီးများ သမိုင်းကြောင်း၊ တည်ထားကိုးကွယ်ခဲ့သည့် မင်းများနှင့်ရှေးဟောင်း အင်္ဂတေပန်းများ၊ ဗိသုကာလက်ရာများ အကြောင်းကို ရှင်းလင်းပြသရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပြီး ဘုရားများတွင် ရောင်းချနေသည့် ပုဂံသမိုင်းစာအုပ်များကို ကျောင်းသားကျောင်းသူများဝယ်ယူမှု များပြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း