ချမ်းမြသာစည် မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းနှင့် တိုင်းဒေသကြီး၊ ပြည်ထောင်စုဘဏ္ဍာရံပုံငွေ ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း လုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရန်ပုံငွေများ အလေအလွင့် မရှိစေရန်နှင့် လုပ်ငန်းများ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက အလေးထားဆောင်ရွက်ကြရန်မှာကြားပြီး မြို့နယ်စီမံကိန်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီအေးက ဌာနအလိုက်တာဝန် ပေးအပ်သည့် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်း လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့