ညောင်ဦး မေ ၂
မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ညောင်ဦးမြို့နယ် မီးသတ်စခန်း ရှေ့မျက်နှာစာတွင် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် နယ်မြေမီးသတ်စခန်းများက ကျေးရွာ၊ တဲတိုက်၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေ လှူဒါန်းက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းထံက သိရသည်။
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုကြိုဆိုခြင်းအား ညောင်ဦးမြို့နယ် မီးသတ်စခန်း ရှေ့မျက်နှာစာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင် (လက် ထောက်ညွှန်ကြားရေးမှူး) ဦးဆောင် အမျိုးသား/သမီးတပ်ဖွဲ့ဝင်များက ဗီနိုင်းဆိုင်းဘုတ် စုပေါင်းစိုက်ထူကြပြီး အမွှေးနံ့သာရည်တို့ ပက်ဖျန်းကာ မြန်မာပြည်သူ ပြည်သားအပေါင်း မီးဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကုန်းကျေးရွာ ရွှေတောင်ကုန်းဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ (၁၆၀၀) ဂါလံ လှူဒါန်းခြင်း၊ တောင်ဇင်းနယ်မြေမီး သတ်စခန်းမှ စံပြကျေးရွာသို့ သောက်သုံးရေ (၁၆၀၀)ဂါလံလှူဒါန်းခြင်း၊ စဉ့်ကူးနယ်မြေမီးသတ်စခန်းမှ မြေနီကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ(၁၆၀၀) လှူဒါန်းခြင်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ဒီပါလင်း