နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် မွေးမြူရေးဇုန်များ တိုးချဲ့ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မေ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေးနှင့် မွေးမြူရေးဇုန်များ တိုးချဲ့ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများကို တိုးချဲ့ဆောင်ရွက်စေလိုကြောင်း၊ အခြေခံစားသောက်ကုန်များ လုံလောက်ပြီး စာရေးရိက္ခာဖူလုံစေရေးအတွက် စပါးအပါအဝင် အခြားသီးနှံများ၊ ဆီထွက် သီးနှံများ၊ သားငါးကဏ္ဍများကို အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေအားလုံး၌ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ စိုက်ပျိုးရေလုံလောက်မှု ရှိစေရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် စိုက်ပျိုးသည့် နည်းစနစ် မှန်ကန်စေရေးအတွက် နည်းပညာများ ကူညီပံ့ပိုးပေးရမှာဖြစ်ပြီး မွေးမြူရေးထုတ်ကုန် မြင့်မားရေးအတွက် တိရစ္ဆာန်များ မွေးမြူရာတွင် မိရိုးဖလာမွေးမြူနည်းအတိုင်း လွှတ်ကျောင်းမွေးမြူခြင်းထက် ခြံခတ်မွေးမြူပြီး စနစ်တကျ ကျွေးမွေးခြင်းဖြင့် အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိသားစု တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအထိ တိုးချဲ့မွေးမြူနိုင်ရေး ကူညီပံ့ပိုး ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များနှင့် ဇုန်ပြင်ပများတွင် သတ်မှတ်အရေအတွက်များထက် တိုးချဲ့ပြီး မွေးမြူနိုင်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာရေးရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ခရိုင်အလိုက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် မွေးမြူရေးဇုန်များ တိုးချဲ့မွေးမြူနိုင်မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)