မန္တလေး မေ ၂
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတီဘုရားများတွင် ဘုရားသမိုင်းနှင့်ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မေလ ၁ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားသည်။
ထို့နောက် စေတီဘုရားများတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်ခြင်းနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးလှမြင့်က ရှင်းလင်းဆွေးနွေးပြီး အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ်ရှိ အထင်ကရဘုရားစေတီများမှ ဂေါပကအဖွဲ့ဝင်များ၊ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ကြသည်။
ထို့နောက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အထက်မြန်မာပြည်နှလုံးအထူးကုစင်တာ၊ နှလုံးကုသဆောင်၊ ၅ လွှာ၊ အခန်းအမှတ် (၅၀၅) တွင် တက်ရောက်၍ ဆေးကုသနေသော အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ မဟာနာယကချုပ်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ သက်တော်(၉၂)၊ သိက္ခာတော်(၇၂)ဝါရှိ ဘဒ္ဒန္တဣန္ဒေါဘာသာဘိဝံသဆရာတော်ကြီးထံသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီးဒေါ်မမ၊ တိုင်းဒေသကြီးဝန်ကြီးများက နဝကမ္မဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းခြင်းနှင့် ပိဋကတ်ဆိုင်ရာစာအုပ်များ ဆက်ကက်လှူဒါန်းကြပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းလျောက်ထားကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)