ထန်းတပင် (ရန်ကုန်) မေ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးသွားနိုင်ရန်အတွက် ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေး (ယာယီ) ပျိုးဥယျာဉ်တွင် ပျိုးပင်များကို နှစ်စဉ်ပျိုးထောင်ထားလျက်ရှိရာ ယခုနှစ်မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက်လည်း ပျိုးပင်ပေါင်း လေးသောင်းခြောက်ထောင်ကျော်ကို အဆိုပါပျိုးဥယျာဉ်တွင် ဆက်လက်၍ပျိုးထောင်ထားရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အနေဖြင့် သစ်ပင်စိုက်ပျိုးနိုင်ဖို့အတွက်ဆိုပြီးတော့ သီတာအေး (ယာယီ) ပျိုးဥယျာဉ်မှာ ပျိုးပင်ပေါင်း (၄၆၆၆၀) ကို ပျိုးထောင်ထားရှိပါတယ်၊ အဲဒီအထဲမှာမှ မြို့နယ်အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေနှင့် ရပ်ကွက်ကျေးရွာနေပြည်သူတွေကို (အခမဲ့) ဖြန့်ဝေပေးနိုင်ဖို့အတွက်ဆိုပြီးတော့ မန်ကျည်းပင်၊ မဟော်ဂနီပင်၊ တမလန်းပင်၊ ပျဉ်းကတိုးပင်၊ ခရေပင်နဲ့ မန်ဂျန်ရှားပင်သစ်ပင်မျိုး(၆)မျိုး အပင်ပေါင်းနှစ်သောင်းကိုတော့ ၂၀၂၃ နိုဝင်ဘာလကနေစတင်ပြီး ပျိုးထောင်ထားထားတာဖြစ်ပါတယ် ဖြန့်ဝေပေးသွားမှာ ကတော့ မေလ(၁၅)ရက်နေ့၊ နောက်ပိုင်းမှာ စတင်ဖြန့်ဝေသွားမည်ဖြစ်ပါတယ်ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းကရှင်းပြသည်။
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိ လူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလိုသာယာလှပပြီး ရာသီဥတုပြောင်းလဲ ဖောက်ပြန်နေမှုများအား တဖက်တလမ်းမှကာကွယ်နိုင်ရန်ရည်ရွယ်၍ ပျိုးပင်များကို ပျိုးထောင်ထားရှိခြင်းဖြစ်ပြီး ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ထန်းတပင် မြို့နယ်သီတာအေး(ယာယီ)ပျိုးဥယျာဉ်တွင် ပျဉ်းကတိုးပင်၊ မန်ကျည်းပင်၊ မဟော်ဂနီပင်၊ တမလန်းပင်၊ ခရေပင်နှင့် မန်ဂျန်ရှားပင်ကိုပျိုးထောင်ထားရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)