နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်တွင် ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မေ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ အခမ်း အနား အခမ်းအနားကို ယနေ့ ၁၀ နာရီခွဲတွင် လယ်ဝေးမြို့၊ အမှတ်(၂) အားကစားလေ့ကျင့်ရေးစခန်း အားကစားခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးသည့် နောက်တွင်  ရပ်ရွာအေးချမ်း သာယာရေးကို ထိတ်လန့်တုန်လှုပ် ခြောက်ခြားစေရေး ရည်ရွယ်ချက်ထားပြီး လုပ်ကြံဖန်တီးမှု လုပ်ရပ်များကို တွေရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေတွင်  သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းမှာ ဥပဒေနှင့် ကိုက်ညီသူများထဲမှ ပညာသင်ကြားနေဆဲသူ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေရသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရသူများကို ယာယီရွှေ့ဆိုင်း ပေးထားမှာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဖို့ မသင့်လျော်သူများကိုလည်း အကြောင်းမဲ့ သက်သက်ခေါ်ယူမှာ မဟုတ်သလို၊ ယခုကာလ တွင်လည်း အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်း ခေါ်ယူရန်မရှိသေးကြောင်း သတင်းထုတ်ပြန်ထားရှိပြီး ဖြစ်ပါ ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာ တိုးချဲ့ထုတ်လုပ်ကြရမှာဖြစ်ကြောင်း၊ ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်ဝစွာဖြင့် စိုက်ပျိုး ထုတ်လုပ် နိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျဆောင်ရွက်ကြ ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အချက်လေးချက်သည် အဓိကအရေးကြီးသဖြင့် စနစ်တကျအသုံးချရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသဖြင့် MSME ထုတ်ကုန်များကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အရေးပေါ် အခြေအနေအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရန် လိုအပ်ကြောင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးခြင်းဖြင့် သဘာဝဘေး အန္တရာယ်ကို အထိုက်အလျှောက် လျော့ချနိုင်သဖြင့် ကျေးရွာအုပ်စုများအလိုက် သစ်တောစိုက်ခင်းများ စိုက်ပျိုးအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် သစ်တော ပြုန်းတီးမှုများ မရှိစေရေး အတွက်လည်း အမျိုးသားရေးစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စာသင်ကျောင်းများ သန့်ရှင်း သာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန် စေရေး ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျောင်း စာကြည့်တိုက်နှင့် ကျေးရွာ စာကြည့်တိုက်များတွင် စာအုပ်စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေ ပြည်သူများ အသိပညာ တိုးပွားနိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက် အကူပြုပေးနိုင်သည့် စာအုပ်စာပေများ ထားရှိနိုင်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ကြောင်း၊ အားကစားနှင့် ပတ်သက်ပြီး တိုးတက်မှုများရှိစေရန် အားကစားသမားများ စဉ်ဆက်မပြတ် ယှဉ်ပြိုင်နိုင်ရေး၊ အားကစားပွဲများကို ရပ်ကွက်/ကျေးရွာများအတွင်း ကျင်းပပေးကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် လယ်ဝေးခရိုင်ဥပဒေအရာရှိ ဒေါ်စုယဉ်လှိုင်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ စစ်မှုထမ်းဆောင်ကြပါစို့ Video Clip နှင့် သမိုင်းပေးတာဝန် Video Clip တို့ကို ပြသသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက  တက်ရောက် လာကြသည့် တောင်သူများအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် ထိုင်းနှံကောက် မျိုးစပါးများ၊ ယူရီးယားမြေဩဇာနှင့် ကွန်ပေါင်းမြေဩဇာများ၊ နေကြာမျိုးစေ့များနှင့် နှမ်းမျိုးစေ့များကို ထောက်ပံ့ ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် အလုပ်သမားများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အာဟာရဖြစ် အစားအစာများနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် စက်မှုလယ်ယာ ဦးစီးဌာနမှ ခင်ကျင်ပြသထားသည့် လယ်ယာလုပ်ငန်းခွင်သုံး စက်ကိရိယာများနှင့် စပါးပျိုးဗန်းဖြင့် ပျိုးထောင် နေမှု သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးပြီး တောင်သူများအား မိုးစပါးစိုက်ပျိုးရာတွင် စိုက်နည်း စနစ်မှန်ကန်စွာစိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း နှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)