ဇေယျာသီရိ မေ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေး၊ ဆေးကုသရေးလုပ်ငန်းများနှင့် အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲ၊ နွားကောင်ရေ စာရင်းတိကျမှန်ကန်မှုရှိစေရန်၊ ကျွဲ၊ နွားများ၏ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျွဲ၊ နွားပိုင်ဆိုင်မှု ခိုင်မာစေရန်ရှင်းလင်းပြောကြားပြီး၊ ဥတ္တရခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှုဖွံ့ဖြိုး တိုးတက်ရေး၊ မွေးမြူရေးဒီပလိုမာနှင့်စိုက်ပျိုး၊ မွေးမြူးရေးကျောင်းများအကြောင်းကို လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ငြိမ်းချမ်းက ခွာနာလျှာနာ(FMD) ရောဂါထိန်းချုပ်ဇုန်အင်္ဂါရပ်များ၊ နားကပ်တပ်ဆင်ခြင်း၏ အရေးပါပုံနှင့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဌာနခွဲ(ရုံးချုပ်)မှ သုတေသနအရာရှိ ဒေါက်တာလှိုင်ဝင်းက ခွာနာလျှာနာ (FMD) ရောဂါနှင့် ဆက်စပ်ရောဂါများအကြောင်း၊ ခွေးရူးရောဂါကာကွယ်တားဆီးရေးအကြောင်းများကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်စုခိုင်က တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်ခြင်း ဆောင်ရွက်ပေးနိုင်မှုနှင့် ကူးစက် ရောဂါသတင်းပေးပို့မှုစနစ်ဆောင်ရွက်ရေး ရှင်းလင်းဟောပြောခဲ့ကြပြီးနောက် တက်ရောက်လာသည့် ဒေသခံများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများကပြန်လည်ဖြေကြားကာ မွေးမြူရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် ကျေးရွာ အတွင်းမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့်တောင်သူ ၁၅ ဦး တို့၏ နွား ၃၅ ကောင်နှင့် ဆိတ် ၂၈ ကောင်တို့အား ကာကွယ်ကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)