(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်း

မုဒုံ   မေ  ၁

မေလ (၅)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေး ဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့တို့က မီးသတ်ရေသယ်ယာဥ် နှစ်စီး၊ မီးငြှိမ်းသတ်ယာဥ် သုံးစီးတို့ဖြင့် သောက်သုံးရေ ပြတ်လပ်ခက်ခဲနေသော ကတုံးပေါ် ကျေးရွာရှိ အိမ်ခြေ ၃၀၆  အိမ်အတွက် ရေဂါလန် စုစုပေါင်း ၆၀၀၀ ကို အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့သည်။

ဆက်လက်၍ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကြုံပြုချက်များကို လိုက်လံနှိုးဆော်ခဲ့ပြီး နေအိမ်များရှိ ထမင်းချက်၊ ဟင်းချက်မီးဖိုချောင်နေရာများ၌ မီးသုံးစွဲမှုအခြေအနေများကို စစ်ဆေးရာ မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် အသိပညာပေးလုပ်ငန်းများကို လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)