လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ ငွေများပေးအပ်

ပျော်ဘွယ် မေ ၁

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ကန်တဲကျေးရွာတွင် ဧပြီလ(၂၉)ရက်က လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက ကန်တဲကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က လေပြင်းတိုက်ခတ်မှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို အားပေးစကားပြောကြားပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးကျော်က အိမ်ထောင်စုတစ်ခုချင်းအလိုက် ပျက်စီးဆုံးရှုံးမှုအခြေအနေပေါ်မူတည်၍ ထောက်ပံ့ပေးသည့် အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နေအိမ်များအမိုးလန်ပျက်စီးမှု(၇၁)အိမ်အတွက် ထောက်ပံ့ငွေ(၃၅၂၃၉၉၉/-) ကျပ်၊ လူဦးရေ(၂၄၂)ဦးအတွက် တစ်ဦးလျှင်ရိက္ခာငွေကျပ်(၂၁၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၅၀၈၂၀၀/-)ကျပ်၊ စုစုပေါင်းငွေကျပ်(၄၀၃၂၁၉၉/-)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက နေအိမ်များအမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)