မော်လမြိုင် မေ ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ မတ်လ ၂၈ ရက်နေ့မှ စတင်၍ အကြမ်းဖက်သောင်းကျန်းသူများဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့ရသော ကျေးရွာသူ၊ ကျေးရွာသားများအား ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်းတိုက်တော်သို့ ရောက်ရှိခဲ့ကြပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ နယ်မြေ အခြေအနေ အကြောင်းအမျိုးမျိုးအရ ရောက်ရှိလာကြသော ယာယီနေရပ်စွန့်ခွာသူများအား ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တည်ငြိမ်အေးချမ်းနေပြီး ဖြစ်သည့်အတွက် ကျေးရွာသူ၊ကျေးရွာသားများ အနေဖြင့် မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ သွားရောက်၍ ပြန်လည်အခြေချနေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပေါင်စပ်ညှိနှိုင်းကာ လိုအပ်သည်များအားလုံးကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းမှ နယ်မြေအခြေအနေ အကြောင်းအမျိုးမျိုးအရ မွန်ပြည်နယ်အတွင်းသို့ ရောက်ရှိလာကြသော ယာယီနေရပ်စွန့်ခွာသူများအား မွန်ပြည်အစိုးရအဖွဲ့အနေဖြင့် နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးအပြင် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးထားကြောင်းလည်း သိရသည်။
ခရိုင်(ပြန်/ဆက်)