မြစ်သား နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသွားကန့်သတ်စောင့်ကြည့်ရေး ဝင်ရောက်နေသောကြောင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက ယနေ့နံနက်ပိုင်းက အသွားကန့်သတ်စောင့်ကြည့်ရေး စခန်းအသီးသီးသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲများကောက်ခံလျက်ရှိကြောင်းသိရသည်။
မြစ်သားမြို့အတွင်း အသွားကန့်သတ်စောင့်ကြည့်ရေး စခန်း (၂)ခုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၃၂)ဦးရှိပြီး (၂၃)ဦးကသာ ကြိုတင်ဆန္ဒမဲပေးပြီး ကျန်(၉)ဦးမှာ ဆန္ဒမဲပေးခြင်း မရှိခဲ့ကြောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အတည်ပြု လူနာအဖြစ် ကုသမှုခံယူနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၆)ဦးရှိရာ (၂)ဦးမှာမဲစာရင်းတွင်ပါဝင်ခြင်း မရှိသည့်အတွက် (၄)ဦးသာကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသွားကန့်သတ်စောင့်ကြည့်ရေး စခန်း အသီးသီးသို့ ကြိုတင်မဲကောက်ခံခြင်းအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်းကာ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆန္ဒမဲပေးခြင်း လုပ်ငန်းများအဆင် ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆုမွန်(ပြန်/ဆက်)