မိတ္ထီလာမြို့နယ်လူမှုဖူလုံရေးရုံးမှ ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူမှုဖူလုံရေးဥပဒေ နှင့်အညီ ငွေကျပ် သိန်း ၃၅၆၀ကျော် ထုတ်ပေး 

မိတ္ထီလာ မေ ၁

မိတ္ထီလာမြို့နယ်လူမှုဖူလုံရေးရုံးမှ ၂၀၂၃ခုနှစ် ဧပြီလမှ ၂၀၂၄ခုနှစ် မတ်လအထိ လူမှုဖူလုံရေး ဥပဒေ နှင့်အညီ လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူ ၄၄၉၀ ဦးအတွက် ငွေကျပ်သိန်း ၃၅၆၀ကျော် ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရသည်။

လူမှုဖူလုံရေးစီမံကိန်းအား တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံကိန်းဖြစ်ရစေရန် မျှော်မှန်းချက် ဖြင့် လူအဖွဲ့အစည်းရှိ လူတိုင်းလူမှုဘဝလုံခြုံရေး၊ လူတိုင်းဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေး၊ မမျှတမှုနှင့် ဆင်းရဲနွမ်းပါးမှုများကို ကာကွယ်လျော့ချရန်နှင့် ပုံမှန်ဝင်ငွေရရှိစေရန် အမျိုးသားလူမှုဖူလုံရေးစနစ် ထူထောင်ပြီး ဆောင်ရွက်လျက်ရှိလျက်ရှိရာ လူမှုဖူလုံရေးစနစ်သည် မိမိတို့လုပ်ခလစာမှ အနည်းငယ် စုပေါင်းထည့်ဝင်ခြင်းဖြင့် မိမိတို့ကို လူမှုဒုက္ခတို့မှ ကာကွယ်မှုပေးပြီး၊ အခြားလူမှုဒုက္ခ အခက်အခဲ ကြုံတွေ့နေရသည့်သူများကိုလည်း ဆေးဝါးကုသမှုအခွင့်အရေးနှင့် ငွေကြေးအကျိုးခံစားခွင့်တို့ရရှိစေ ရန် ဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူမှုဖူလုံရေး အာမခံ စနစ်(၆)မျိုးရှိသည့်အနက် လက်ရှိမှာ ကျန်မာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံနစ်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံနစ်တို့ဖြစ်ပြီး ၎င်းအာမခံစနစ်တို့အတွက် အကျိုးခံစားခွင့်များပေး နိုင်ရန် ထည့်ဝင်ကြေးများပေးဆောင်ရသည်။ ယင်းထည့်ဝင်ကြေးများ ပေးဆောင်ရာတွင် ကျန်းမာ ရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင်မှ လုပ်ခလစာ၏ ၂ ရာခိုင်နှုန်းနှင့် အလုပ်သမားဝန်ထမ်းမှ လုပ်ခလစာ၏ ၂ ရာခိုင်နှုန်းကို ပေးဆောင်ရသည်။ ၎င်းအပြင် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်ရှင်မှ ၁ ရာခိုင်နှုန်းသာ ပေးဆောင်ရပြီး အလုပ်သမားက ပေးဆောင်ရခြင်းမရှိကြောင်း   သိရသည်။ အဆိုပါ အာမခံ စနစ် နှစ်မျိုးအတွက် စုစုပေါင်း အလုပ်သမားလစာ၏ ၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေး ထည့်ဝင်ကြေးအဖြစ် လစဉ် ပေးဆောင်ရကြောင်းနှင့် လူမှုဖူလုံရေးစနစ်တွင်  ဆေးဝါးကုသမှု အခွင့်အရေးနှင့် ငွေကြေးအကျိုးခံ စားခွင့်အဖြစ် အဓိကအကျိုးခံစားခွင့် နှစ်ရပ်ရှိကြောင်း ရုံးခွဲတာဝန်ခံ ဒေါ်အိသဉ္ဇာမောင်ထံမှ သိရ သည်။

မိတ္ထီလာမြို့နယ်လူမှုဖူလုံရေးရုံး၏ ၂၀၂၃ခုနှစ် ဧပြီလမှ ၂၀၂၄ခုနှစ် မတ်လအထိ ကျန်းမာရေးနှင့် လူမှုဖူလုံရေး စောင့်ရှောက်မှုအာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်တို့တွင်  လူမှုဖူလုံရေး အကျိုးခံစားခွင့်များအဖြစ် ထောက်ပံ့ငွေများထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်တွင် ၄၄၆၈ ဦးအတွက် ငွေကျပ် ၃၂၇၅၆၀၆၉၅.၃၁ ၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တွင် ၂၂ ဦးအတွက် ငွေကျပ် ၂၈၄၆၈၄၁၆.၅၀  တို့ကို  ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)