ပူတာအို နို၀င်ဘာ ၇
ကချင်ပြည်နယ်၊ပူတာအိုမြို့တွင်၂၀၂၀ပြည့်နှစ် နို၀င်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများကြို တင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက ယမန်နေ့ နံနက် (၁၀)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများအားကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အဆိုပါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဥပဒေနှင့်အညီအောင်မြင်စွာကျင်းပနိုင်ရေး အတွက် မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ပန်းလှိုင်၊ ဟိုခို၊ မြို့မ၊ ကောင်ကထောင်၊ တပ်သစ်၊ တုံလီထု၊ ပါအင်၊ လေယာဉ်ကွင်း၊ ဒုတ္ထန်ရပ်ကွက်များရှိ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ဥပဒေနှင့်အညီမဲရုံအတွင်း/အပြင် သတ်မှတ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်နှင့်အညီ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိအိဖြိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရှဘောင်ဖုန်၀င့်နှင့်အဖွဲ့၀င်များက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပူတာအိုမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄)အုပ်စု မဲရုံပေါင်း(၄၈)ရုံတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူစုစုပေါင်း (၃၉၂၂၁)ဦးတို့ ဆန္ဒမဲပေးကြမည်ဖြစ်ပြီး အဆိုပါဆန္ဒမဲပေးပိုင်ခွင့်ရှိ မဲဆန္ဒရှင်များအနက်မှ နို၀င်ဘာလ(၆)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း (၆၄၈၂)ဦးရှိကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)