မုဒုံမြို့နယ်တွင် မွေးစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မုဒုံ မေ ၁

မွန်ပြည်နယ်၊ မုဒုံမြို့၌ မွေးစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မ (၂) ရပ်ကွက်ရှိ လောကရာဇိန်ဓမ္မာရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့၌ ဆောင်ရွက်သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို မွေးစမှ အသက် နှစ်နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များတို့အား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊  ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊  ပြင်း ထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်အပြင် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသည့် အသက် နှစ်နှစ်အာက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် နှစ်ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေးအတွက် ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)