ညောင်ရွှေ မေ ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒသမတန်း လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် အင်းလေးဒေသအတွင်းရှိ အင်းလေးကန်၊ ဟဲယာရွာမကျေးရွာရှိ ငွေထည်လုပ်ငန်း၊ အင်းလေးဖောင် တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရားတို့ကို ဧပြီ ၃၀ ရက်က ဖူးမြော်ကြည်ညိုလေ့လာခဲ့ကြသည်။ အင်းလေးဒေသရှိ သဘာဝအလှတရားများ၊ ဓလေ့ထုံးတမ်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ပုံ များနှင့် ရိုးရာလက်မှုလုပ်ငန်းများကို လာရောက်လေ့လာခဲ့သည့် လေ့လာရေးခရီးစဉ်အပေါ် ရင်တွင်း စကားသံများကို ဤသို့ကြားသိခဲ့ရပါသည်-
မသီရိသံစဉ် (နှစ်ထပ်ကွမ်းလူရည်ချွန်) တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး
သမီးအနေနဲ့ တောင်ကြီး၊ အင်းလေးကို တစ်ခါမှ မရောက်ဖူးပါဘူး၊ အခုခရီးစဉ်မှာ အတွေ့အကြုံ အသစ်တွေ၊ အမြင်အသစ်တွေ အများကြီးရရှိပါတယ်၊ အခုလို လေ့လာခွင့်ရအောင် စီစဉ်ပေးတဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်၊ မရောက်ဖူးတဲ့နေရာတွေ ရောက်တဲ့အတွက် သင်ယူစရာ၊ လေ့လာစရာတွေ အများကြီးရရှိပါတယ်။
မောင်ဆက်ကောင်းစံ (နှစ်ထပ်ကွမ်းလူရည်ချွန်) ဇီးကုန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
ပထမဆုံးရောက်ဖူးတဲ့ခရီးစဉ် ဖြစ်ပါတယ်၊ တောင်ပေါ်ဒေသကို လာရောက်လေ့လာရတဲ့အတွက် အမြင်အသစ်အဆန်းတွေ မြင်တွေ့ရပါတယ်၊ အတွေ့အကြုံတွေလည်း ရရှိပါတယ်၊ အင်းလေးကိုလာရတာ အရမ်းပျော်ရွှင်မိပါတယ်၊ စက်လှေစီးရတဲ့အတွေ့အကြုံကလည်း ပျော်စရာ ကောင်းပါတယ်၊ အင်းလေးမှာရှိတဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေကို လေ့လာခွင့်ရတဲ့အတွက် ကောင်းမွန်တဲ့ခရီးစဉ်လို့ ဆိုနိုင်ပါတယ်။
မောင်စွမ်းသူအောင် (နှစ်ထပ်ကွမ်းလူရည်ချွန်) ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်
အခုလို လူရည်ချွန်တွေကို လေ့လာရေးခရီးစဉ်တွေ ပို့ဆောင်ပေးတဲ့အတွက် ယဉ်ကျေးမှုထုံးဓလေ့တွေ လေ့လာခွင့်ရခဲ့ပါတယ်၊ အင်းလေးကန်အတွင်းမှာ လေ့လာရတဲ့အတွက် ဒေသန္တရဗဟုသုတတွေ များစွာရရှိပါတယ်၊ ရေပေါ်မှာ အိမ်ဆောက်တာတွေ၊ ကျွန်းမျောပေါ်စိုက်တဲ့ ရေပေါ်စိုက်ခင်းတွေ၊ လက်မှုပညာလုပ်ငန်းတွေ တွေ့မြင်လေ့လာခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။
မောင်အောင်ကောင်းမြတ်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
အခုခရီးစဉ်မှာ အရမ်းကို ပျော်ရွှင်မိပါတယ်၊ ဗဟုသုတတွေလည်း ရပါတယ်၊ သူငယ်ချင်းအသစ်တွေလည်း ဖြစ်ခွင့်ရပါတယ်၊ အင်းလေးခရီးစဉ်မှာ ကျွန်တော်တို့ကို ဝမ်းပန်းတသာကြိုဆိုကြတဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်။
မခင်သီရိနိုင်၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဒေသန္တရဗဟုသုတတွေအများကြီးရသလို ပတ်ဝန်းကျင်သဘာဝအလှ ရှုခင်းတွေလည်း ခံစားတွေ့မြင်ရပါတယ်၊ ဒါ့ကြောင့် အများကြီး ကျေနပ်အားရမိပါတယ်၊ အင်းထဲမှာ လှေစီးရတဲ့ အတွေ့ အကြုံတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စည်းစည်းလုံးလုံးသွားရတဲ့အတွက် ပျော်ရွှင်ရပါတယ်။
နေမျိုးသူရိန်