သီပေါ မေ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များနှင့်နှစ်ရှည်ပင်များပိုမိုစိုက်ပျိုးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက် နိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီကာလတွင်စိုက်ပျိုးနိုင် ရန်အတွက် မြို့မပျိုးဥယျာဉ်နှင့် ဇာတ်စုရပ်ကွက် ပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း (၅၄၇၀၀) ပင်ပျိုးထောင်ထားကြောင်း သိရသည်။
မြို့နယ်အတွင်းပြည်သူများစိုက်ပျိုးနိုင်ရန်အတွက်ဖြန့်ဝေမည့် နှစ်ရှည်ပင်များ ပျိုးထောင်ရာတွင် ဒေသရာသီဥတုနှင့်ကိုက်ညီသည့်အပင်များဖြစ်သည့်ကျွန်း၊ မယ်ဇလီ၊ ယမနေ၊ ရေသင်းဝင်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ရေပိတုန်း၊ မန်ကျည်း၊ ကုက္ကို ၊ယူကလစ်စသည့်သစ်ပင်(၁၀)မျိုးအား ပျိုးပင်ပေါင်း (၅၄၇၀၀)ပင်ကို ပျိုးထောင်ထားရှိကြောင်းသိရသည်။
သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ရေးအတွက် ပျိုးထောင်ထားသောအပင်များကို ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အစုအဖွဲ့ပိုင်သစ်တောများတွင် စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)