မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂ဝ၂၄)” အခမ်းအနားတက်ရောက်

မော်လမြိုင်    မေ    ၁

“ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂ဝ၂၄)”အခမ်းအနားကို ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့အထွေထွေ ရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး များနှင့်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်သည်။

ရှေးဦးစွာအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ဧပြီလ နောက်ဆုံး ရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းစတင်ခဲ့သည့် နှစ်(၅၀)မြောက် နှစ်ပတ်လည်ဖြစ် ကြောင်း၊ ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ရေးရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “Humanly Possible: Saving lives through immunization” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ ရသောရောဂါ များကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ နှစ်စဉ်ဝယ်ယူပံ့ပိုး ပေးလျက်ရှိသော ကာကွယ်ဆေးများအသုံးပြု၍ ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် အသက်အရွယ်အလိုက် အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးမှုခံယူခြင်းဖြင့် မိမိတို့၏ ရင်သွေးငယ်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကို ကာကွယ်နိုင်ရန်နှင့် ထိုးနှံတိုက်ကျွေးပေးရန် တိုက်တွန်းလိုကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဆိုပါ ရောဂါများကပ်အသွင်ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကလေးငယ်များ တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထိုနောက် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် Video Clip အား ပြသခဲ့ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက် လာသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကလေးငယ်များ ကာကွယ်ဆေး ထိုးနှံနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကလေးငယ်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိသည်။

အဆိုပါ “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂ဝ၂၄)”အခမ်းအနားတွင် ကလေးငယ်(၃၅)ဦးအား မော်လမြိုင်မြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ကာကွယ် ဆေးထိုး နှံတိုက်ကျွေးခဲ့ကြောင်းသိရှိရသည်။

စည်သူ(ပြန်/ဆက်)