ဗဟန်း မေ ၁
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော်နှင့် အရံစေတီ(၂၄)ဆူရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲအထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချ အနုမောဒနာ မင်္ဂလာခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ သက်မှတ်နေရာများ၌ ကျင်းပခဲ့သည်။
ဦးစွာ ရွှေတိဂုံစေတီတော်ထီးတော်ရုံတန်ဆောင်း၌ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဥ်ကျေးမှု၀န်ကြီးဌာနဒုတိယ၀န်ကြီးဦးအေးထွန်း၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ဂေါပကအဖွဲ့၀င်များက သြ၀ါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နောင်တော်ကြီးစေတီတော်နှင့် အရံစေတီ(၂၄)ဆူအား ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်းအခမ်းအနားကို နောင်တော်ကြီးစေတီအထက်ပစ္စယံ၌ ကျင်းပရာရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနအမှူးပြုသည့် ဆရာတော်၊ သံဃာတော်(၁၀၈)ပါးက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ကြသည်။
ယင်းနောက် ရေစက်ချအနုမောဒနာမင်္ဂလာအခမ်းအနားကို ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနထံမှ ဧည့်ပရိသတ် များက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးသောင်းဝင်းက ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာကို ဖတ်ကြား လျှောက်ထားသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များရွတ်ပွားသရဇ္စျာယ်သည့် ပရိတ်တရားတော်များ နာကြားကြပြီး ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊သာသနာရေးနှင့်ယဥ်ကျေးမှု၀န်ကြီး ဌာနဒုတိယ၀န်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ဂေါပကအဖွဲ့၀င်များက သြ၀ါဒါ စရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော် ဗဟိုသံဃာ ၀န်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတဘဒ္ဒန္တဂုဏာလင်္ကာရထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီနှင့် အရံစေတီ ၂၄ ဆူအား ရွှေသင်္ကန်းတော် ကပ်လှူခြင်း အစီအစဥ်ကို ၂၀၂၃ ခုနှစ် နို၀င်ဘာလက စတင်ဆောင်ရွက်ခဲ့ပြီး မျက်ပါးရွှေချခြင်း လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဧပြီလတွင်ပြီးစီးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)