လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတွင် ပရိယတ္တိ သဒ္ဓမ္မပါလ သင်တန်းဆင်းပွဲကျင်းပ

လွိုင်လင် မေ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ သာသနာဝိပုလဓါတ်တော်ပရိယတ္တိစာသင်တိုက်တွင် မတ်လ ၁၆ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိဖွင့်လှစ်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာဖြေပွဲတော်စနစ်သစ် ပညာရေး နွေရာသီ(၄၅)ရက်၊ အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ (၄)နာရီက အဆိုပါကျောင်းတိုက် ဓမ္မာရုံတွင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဓါတ်တော်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒနှင့်ပင့်ဖိတ်ထားသောဆရာတော်များ၊ ဂေါပကအဖွဲ့များ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသံဃာများ၊ ဆွမ်းကွမ်းအလှူရှင် ဒါယကာ၊ဒါယိကာမများတက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်း အနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် ဆရာတော်၊ သံဃာတော်များကို ကန်တော့ကြ သည်။ ထို့နောက် ဓါတ်တော်ကျောင်းတိုက်ဆရာတော်နှင့် ဆရာတော်ကြီးများက ဩဝါဒစကား အသီးသီးမြွတ်ကြားကြသည်။ဆက်လက်၍ သင်တန်းသားသံဃာတော်များမှ သင်တန်းနှင့် ပတ်သက်သည့်အတွေ့အကြုံများကို ပါဠိ၊ အင်္ဂလိပ်၊ မြန်မာနှင့် ရှမ်းဘာသာများဖြင့် ရှင်းလင်းပြောကြားလျှောက်ထားကြသည်။ ဆက်လက်၍ သင်တန်းဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ရ/သုံးငွေစာရင်းရှင်းတမ်းများဖတ်ကြားသည်။ ထို့နောက် သင်တန်းနည်းပြတစ်ဦးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်ပြောကြားပြီးနောက် သင်တန်းနည်းပြများ၊ ဆွမ်းကွမ်းအလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ထူးချွန်သင်တန်းသားသံဃာများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခြင်းအစီအစဉ်တွင် ဓာတ်တော်ကျောင်းတိုက် ဆရာတော်နှင့် တာဝန်ရှိဆရာတော်များက အသီးသီးပေးအပ်ကြသည်။ ထို့နောက် ဂေါပကအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်နိဂုံးချုပ် စကားပြောကြားပြီး ဆရာတော်များအားထပ်မံကန်တော့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီးရုပ်သိမ်းလိုက်ကြောင်း သိရသည်။

လွိုင်လင်မိုး(ခရိုင်ပြန်/ဆက်)