ဇေယျာသီရိမြို့နယ်၌ အစားအ‌သောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ဇေယျာသီရိ မေ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ပြည်စံအောင်ဈေးနှင့် ရေဆင်းဈေးအတွင်း၌ ရောင်းချနေသည့် စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေ၊ ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့်  မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ပြည်စံအောင်ဈေးနှင့် ရေဆင်းဈေးအတွင်းရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများရောင်းချမှု မရှိစေရေးအတွက် ဆေးဆိုင်များရှိဆေးဝါးများ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း၊ ‌‌ကုန်စုံဆိုင်များမှ စာသုံးဆီ၊ အသင့်ဖျော်သံပုရာရည်၊ မျှစ်(အနီ)၊ မုန့်ဖတ်၊ ပဲသွေး၊ ပိန္နဲကွင်း၊ ငပိ၊ ရေကျိုငပိ၊ လက်ဖက်နှပ်အညွန့်ချဉ်စပ်၊ ပဲပြား၊ ငရုပ်သီးအရောင်တင်၊ ကတက်ချဉ်၊ နှမ်းဘက်ချဉ်၊ ပဲပုတ်ချဉ်၊ နနွင်းမှုန့်နှင့် ပဲငပိတို့အား ခွင့်မပြုဓာတုတာရှည်ခံ ပစ္စည်းများပါဝင်မှု ရှိ/မရှိ စစ်ဆေးရန်အတွက် ဝယ်ယူခဲ့ပြီး ပဲသွေး၊ မျှစ်(နီ)၊ မုန့်ဖတ်၊ ပိန္နဲကွင်း၊  လက်ဖက်နှပ်အညွန့်ချဉ်စပ်၊ ပဲပြားတို့အား Mobile Lab Van ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ချက်ချင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာ ရေဆင်းဈေးအတွင်းရောင်းချနေသည့် ပဲသွေးများတွင် ခွင့်မပြုဓာတု ဆေးဝါးများ ပါဝင်သည့်အတွက် သိမ်းယူဖျက်စီးခဲ့ကြောင်း၊ အခြားဝယ်ယူထားသည့် အစားအသောက်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဓာတ်ခွဲခန်းသို့ပေးပို့၍ ခွင့်မပြုဓာတုတာရှည်ခံ ပစ္စည်းများပါဝင်မှု ရှိ/မရှိ စစ်ဆေးသွားမည် ဖြစ်သည်။

ယင်းနောက် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေ၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများက ပြည်စံအောင်ဈေးအတွင်းရှိ ဈေးအုပ်ချုပ်ရေးမှူးရုံး၌ ဈေးရောင်း၊ ဈေးဝယ်သူများအား စားသုံးဆီလျော့ချသုံးစွဲနိုင်ရေးအတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)