လှိုင် ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှု မရှိစေရေးအတွက် အဘိပ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများဦးဆောင်၍ ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်း ဝန်ထမ်းအိမ်ယာများတွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ကျောက်စည်၊ ရေပုံးများအတွင်း အဘိပ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ပြီး ခြင်များ ပေါက်ပွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ မိုးရေများတင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးဟောင်းများနှင့် ဘူးခွံများတွင် ရေများတာရှည်ထည့်မထားရေးရန် အသိပညာပေးခဲ့ကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်ရှိသည့် ရပ်ကွက်နှင့်ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)