လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် (Biometric) ကောက်ယူခြင်းဆောင်ရွက်

လှည်းကူး ဧပြီ ၃၀

လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (လှည်းကူး) ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကြည်က နိုင်ငံသားစီစစ်ရေးကတ်ပြားကိုင်ဆောင်ခြင်း၊ Biometric ကောက်ယူခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများနှင့် အသုံးဝင်ပုံများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရှင်းလင်းပြောကြားကာ ကျောင်းသား၊ ကျောင်းသူ (၉၃) ဦးအား နိုင်ငံသားစီစစ်ရေးကတ် (၉၃) ကတ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဘေဘီထံသို့ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား Biometric ကောက်ယူခြင်းဆောင်ရွက်ပေးခဲ့သည်။

ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားနှင့် Biometric ကောက်ယူခြင်းကို လှည်းကူးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ လှည်းကူး (အ.ထ.က) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)