ပင်းတယ ဧပြီ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောက်လုပ်လျက်ရှိသော RC နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူ များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ ကျောက်မြောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသည် ရှေးဆရာတော်များအဆက်ဆက်မှ ယနေ့အထိ ရေဦးဇုန်လုံးဆိုင်ရာ ပရိဝါသ်မာနတ်ဆောက်တည်ပွဲနှင့် စာပြန်တော်ပွဲများကျင်းပပြုလုပ်သည့်ကျောင်းတစ်ကျောင်းဖြစ်ပြီး လက်ရှိအချိန်တွင် အလျား (၁၄၂) ပေ၊ အနံ (၇၅) ပေရှိ RC နှစ်ထပ်ကျောင်း ဆောင်သစ်အား ဆောက်လုပ်လျက်ရှိရာ အဆိုပါဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရာတွင်အင်ဂျင်နီယာတွက်ချက်မှုအရ ငွေကျပ် (၆၈၆၇) သိန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ ထည့်ဝင်လှူဒါန်းငွေကျပ် (၂၀၀၀)သိန်း ခန့်ဖြင့်ဆောက်လုပ်လျက်ရှိရာ ( ၃၀ )ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျောင်းဆောင်သစ် (၁၀၀)ရာခိုင်နှုန်း ပြီးစီးအောင်ဆောက်လုပ်နိုင်ရေးအတွက် လိုအပ်သည့်အလှူငွေများနှင့် ဘိလပ်မြေအိတ်များပံ့ပိုးပေးနိုင်ပါရန် တင်ပြလာခဲ့ပါသဖြင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနသို့ လိုအပ်သလိုထောက်ပံ့ ပံ့ပိုးပေးနိုင်ပါရန်ဆက်လက်တင်ပြခဲ့သဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ထည်ဝင်လှူဒါန်းငွေကျပ်သိန်းငါးဆယ်အားယခုကဲ့သို့လွှဲပြောင်းပေးအပ်နိုင်ခြင်း ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဓနုဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးဦးကျော်သက်တို့က ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်ခဲ့ကြရာ ကျောက်မြောင်းကျေးရွာဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလက်ခံရယူခဲ့ပြီး ကျောက်မြောင်းကျေးရွာ ရပ်မိ/ရပ်ဖတစ်ဦးက ကျောက်မြောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောက်လုပ်လျှက်ရှိသော RC နှစ်ထပ်ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းအတွက် ထောက်ပံ့ လှူဒါန်းငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက “ရှမ်းပြည်နယ်အတွင်းမှာ ပါဝင်တဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လူမှုစီးပွားရေးနယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်ကချမှတ်ထားသည့် အမျိုးသားရေးမျှော်မှန်းချက် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်၊ စီးပွားရေးမူဝါဒများနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အမှန်တကယ်အကောင်အထည်ဖော်နိုင်ပြီး ပြည်သူများအတွက် လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် သာမန်လုပ်ငန်းစဉ်ဟုသဘောမထားဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်တဲ့ လုပ်ငန်းစဉ်အဖြစ်ခံယူဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ဖြစ်သည့် လယ်ယာကဏ္ဍာကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးအစရှိသည့်ကဏ္ဍကြီးများကို သက်ဆိုင်ရာဌာနမှတာဝန်သူများအား တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံကိန်းဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
ရဲထက်ဦး(ပြန်/ဆက်)