လယ်ဝေးမြို့နယ်အတွင်း နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

လယ်ဝေး ဧပြီ ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ည​နေပိုင်းက လယ်ဝေးမြို့နယ် အေလာကျေးရွာ kc ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုး​ရေးဦးစီးမှူး ဦးစောဝင်းက တောင်သူများအနေဖြင့် နွေသီးနှံ၊ နွေစပါးနှင့် နွေနှမ်းများ စိုက်ပျိုးရန်အတွက် ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတိုမျိုးများကို တပြေးညီစိုက်ပျိုးရန်၊ မျိုးကောင်းမျိုးသန့်များ စနစ်တကျစိုက်ပျိုးရန်၊ ရာသီအလိုက်သီးနှံမျိုးစုံကို မြေလွတ်မြေလပ်မကျန် တစ်နှစ်လျင် (၃) သီးစိုက်ပျိုးခြင်းဖြင့် ကျေးလက်နေပြည်သူများ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်အတွက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးကာ တောင်သူများကသိလိုသည့် မေးခွန်းများအား ပြန်လည်ဖြေကြားပေးခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း လယ်ဝေးမြို့နယ်တွင် နွေနှမ်း ၄၈၇၃ ဧက၊ အခြားနွေသီးနှံ ၂၀၄၁ ဧကနှင့် နွေစပါး ၁၃၆၂၉ ဧက လျာထားခဲ့ရာ ယနေ့အထိ နွေစပါး ၁၄၂၉၂ ဧက၊ နွေနှမ်း ၃၀၇၁ ဧကနှင့် နွေသီးနှံ ၄၂၀ ဧကစိုက်ပျိုးပြီးစီးခဲ့ပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)