ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရန်ကုန်     ဧပြီ      ၃၀

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍   စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ  ၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ Book Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်မော်က စာရေးဆရာမဒေါက်တာမတင်ဝင်း ရေးသားသော ငယ်ငယ်ကကြားဖူးခဲ့တဲ့ မိန်းမများအကြောင်းစာအုပ်ဖြင့် ရှေးယခင်အမျိူးသမီးများ၏ ကိုယ်ကျင့်တရားများ ပြည့်စုံကောင်းမွန်မှု၊ မိမိခင်ပွန်း၊ သားသမီးများအတွက် ပါရမီဖြည့်ဆည်းပေးမှု၊ အမျိုးသမီးများ၏ ကဏ္ဍများ၏ အရေးပါမှုစသည့်အချက်များနှင့်ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)