မောက်မယ် ဧပြီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၆၃၀ ပေရှိသော မြို့ဖြစ်သဖြင့် ယခုနွေရာသီတွင် အပူဒဏ်လွန်ကဲခြင်းကြောင့် လူကြီးလူငယ်လူရွယ်ကလေးများ နမ့်ယွန်းချောင်းတစ်လျောက် သစ်ပင်အရိပ်ကောင်းသည့်များတွင် အေးချမ်းပျော်ရွှင်စွာ အပန်းဖြေလာရောက်အနားယူသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း တွေ့ရသည်။
စိမ့်စမ်းရေထွက်များနှင့် ရေချောင်းများ၊ ရေတံခွန်များပေါများသည့် မောက်မယ်မြို့နယ်တွင် လည်ပတ်စရာနေရာများပေါများသဖြင့် ရုံးပိတ်ရက်များတွင် ဝန်ထမ်းများ၊ လူကြီးလူငယ်လူရွယ်များတို့က စိမ့်စမ်းရေထွက်နေရာများ၊ ရေတံခွန်များ၊ ဆည်များနှင့် နမ့်ယွမ်းချောင်းဘေးစသည့် အရိပ်ကောင်းသောနေရာများတွင် လာရောက်ပြီး အိမ်မှချက်ပြုတ်လာသည့် စားသောက်စရာများဖြင့် မိသားစုဝင်အလိုက်၊ သူငယ်ချင်းအလိုက်၊ ဌာနဆိုင်ရာဝန်ထမ်းများအလိုက် အပူဒဏ်ရှောင် အပန်းဖြေကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)