စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန် မြင့်မာရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ (အခမဲ့) ငှားရမ်းပေး

စဉ့်ကိုင် ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာ‌အေးအောင်နှင့် ဝန်ထမ်းများက မြို့နယ်‌ စာရင်းစစ်ရုံးသို့ နယ်လှည့် စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှုး ဒေါ်စန္ဒာ‌အေးအောင်က ကျောင်းသား/သူများသာမက ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် အသိပညာ ဗဟု သုတများ တိုးပွားစေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ သိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အကြောင်းအကျိုး၊ အကောင်းအဆိုး အမှားအမှန်တို့ကို ဝေဖန်ပိုင်းခြားနိုင်သောသူများ ဖြစ်စေရန်၊ စာပေ၏ တန်ဖိုးကို သိရှိစေရန်၊ အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်တို့ကို ရည်ရွယ်၍ သုတ /ရသ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ခြင်းဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက်  လိုက်လံငှားရမ်းပေးသွားမည်ဖြစ်ပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသူတိုင်းအခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)