မလှိုင်မြို့နယ်၌ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

မလှိုင် ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပူးပေါင်း၍ ပဋိဇီဝဆေးယဉ်ပါးမှုကာကွယ်ရန်အတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်လတ်နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ရဲဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က မလှိုင်မြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားရောင်းချသည့် ဆေးဆိုင် (၈) ဆိုင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့သည်  ဆေးနှင့်ဆေးဝါးပစ္စည်းများ လက်လီလက်ကားရောင်းချသည့် ငွေတိုက်စိုး၊ မိဘမေတ္တာနှင့် မြို့မစည်ပင်သာယာဈေးပတ်ဝန်းကျင်ရှိ တင်တင်ဝင်း၊ အောင်ကမ္ဘာ၊ စိုးစံစသည့် ဆေးဆိုင် (၈) ဆိုင်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချသော ဆေးဝါး (POM) များအား ဆေးညွှန်းစာနှင့်ရောင်းချခြင်း ရှိ/မရှိ၊ တားမြစ်ထားသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ရက်လွန်ဆေးနှင့်ဆေးဝါးပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အပြင် ဆေးရောင်းချသူများနှင့်တွေ့ဆုံ၍ တားမြစ်ဆေးဝါးများ၊ ခွင့်ပြုချက်လိုင်စင်မရှိပဲ ရောင်းချခြင်းများ၊ ရက်လွန်ဆေးများ ရောင်းချခြင်းမပြုလုပ်ရန် အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)