ကြက်သားဈေးဟာ စားသုံးသူနည်းနေတဲ့အတွက် ထုတ်လုပ်မှုစရိတ်အောက်ကျ ကြက်ဥကတော့ စားသုံးမှုများ

မန္တလေး နိုဝင်ဘာ ၇

မြန်မာနိုင်ငံမှာ ကြက်မွေးမြူသူတွေအနေနဲ့ တစ်နှစ်ကို ကြက်ထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းခန့်တိုး တက်နေတာကြောင့် အသားတိုးကြက်ထုတ်လုပ်မှုအား မြင့်နေတဲ့အချိန်မှာ ပြည်သူလူထုရဲ့ ကြက်သား စားသုံးမှုဟာ ကျဆင်းနေတဲ့အတွက် ကြက်သားဈေးနှုန်းဟာ ကိုဗစ် ဖြစ်ပွားချိန်ကတည်းက ကျဆင်းလာကာ ယခုအချိန်အထိ ထုတ်လုပ်မှုစရိတ် အောက်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိမန္တလေးတွင် အသားတိုးကြက်ခြံမှာ ခြံဖမ်းဈေးကတော့ တစ်ပိသာ ကျပ် နှစ်ထောင့် ခုနစ်ခန့်ရှိပြီး မွေးမြူသူတွေရဲ့ ထုတ်လုပ်မှုစရိတ်က တစ်ပိသာ ကျပ် နှစ်ထောင့်ခြောက်ရာနဲ့ နှစ်ထောင့် ရှစ်ရာကြားမှာရှိနေတဲ့အတွက် ကြက်သားဈေးနှုန်းဟာ ထုတ်လုပ်မှု ကုန်ကျစရိတ်  အောက်ကျဆင်းနေပြီး မွေးမြူသူတွေ တွက်ချေမကိုက်ဖြစ်နေကြကြောင်း သိရသည်။

“ကိုဗစ်ဖြစ်စဉ်ကတည်းက ကြက်သားဈေးက ကျနေတယ်၊ ရန်ကုန်ဆိုရင်ပိုဆိုးတယ်၊ ခြံဖမ်းဈေး တစ်ပိသာ ကျပ်နှစ်ထောင်ကျော်နဲ့ ရပ်တည်နေတယ်၊ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတို့လို့ ပတ်ဝန်းကျင်မှာ ကြက်အရှင်ခြံဖမ်း ဈေး တစ်ပိသာ ခန့်မှန်း ကျပ်နှစ်ထောင့်ခုနစ်ရာ ဝန်း ကျင်ရှိပါတယ်၊ လက်ရှိအနေအထားကတော့ ထုတ်လုပ်မှုစရိတ်ရတဲ့ အနေအထားရှိတယ်၊ ထုတ်လုပ် မှုစရိတ်အောက်ရောက်သွားရင်တော့ အရှုံးပေါ်မှာ၊ မွေးမြူသူတွေရဲ့ ထုတ်လုပ်မှုစရိတ်က ကျပ် နှစ်ထောင့်ခြောက်ရာနဲ့ နှစ်ထောင့်ရှစ်ရာကြားမှာရှိတယ်၊ ကြက်သားဈေးက အမွှေးအူနုတ် တစ်ပိသာ ကျပ်လေးထောင်နဲ့ လေးထောင့်ငါးရာကြားမှာရှိပါတယ်၊ ဈေးကတဲ့အကြောင်းအရင်း ကလည်း သုံးစွဲမှုအားနည်းနေပြီး ထုတ်လုပ်မှုများနေတဲ့အတွက် ကျဆင်းရခြင်းဖြစ်ပါတယ်၊ စားသောက်ဆိုင်တို့ ဟိုတယ်တို့ အဲဒီလုပ်ငန်းတွေ မဖွင့်နိုင်သေးတော့ စားသုံးမှုကတော့ အတိုင်းအတာ တစ်ခုအနေနဲ့ လျော့သွားတယ်” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁)ဒေါက်တာ ကျော်ထင်က ပြောကြားသည်။

 စားသောက်ကုန်တွေမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ကြက်ဥဈေးကအနေနဲ့ ကိုဗစ်စတင်ဖြစ်တဲ့ အချိန်ကစပြီး သုံးစွဲမှုကလည်း ပုံမှန်ရှိနေပြီး အိမ်မှာအထားခံနိုင်တဲ့ အနေအထားရှိပြီး ပုံမှန်စားသုံးမှု အနေအထားရှိနေတဲ့ အတွက်ကြောင့် ထုတ်လုပ်မှုဈေးနှုန်းအောက် ရောက်ရှိသွားခြင်း မရှိဘဲ ပုံမှန် အခြေအနေတွင်သာ ရှိကြောင်း၊ အသားတိုးကြက်အနေနဲ့ လက်ရှိမွေးမြူထားတဲ့ ထုတ်လုပ်မှုက စားသုံးမှုထက်ပိုလျှံနေတာကြောင့် အသားတိုးကြက် ထုတ်လုပ်မှုကို မွေးမြူသူရောကြက်ပေါက်ထုတ်တဲ့ ကုမ္ပဏီရော အတတ်နိုင်ဆုံး ထိန်းညှိရန် လိုလာကြောင်း သိရသည်။

“မြို့ပေါ်မှာ ကြက်သားရောင်းတဲ့သူ ကြက်ဥရောင်းတဲ့သူအနေနဲ့ကတော့သူ့ရဲ့ ရောင်းအား မြင့်နေမှာ၊ တစ်နိုင်ငံလုံး အနေနဲ့ခြုံရင်တော့မရဘူး၊ ကြက်ဥရောင်းအားကတော့မြင့်တယ်၊ အခြေခံ စားသောက်ကုန်ထဲမှာပါနေတယ်၊ ထားလို့လည်းရတဲ့အနေအထားရှိနေတယ်၊ ကြက်ဥဈေးက ပုံမှန် တက်လိုက် ကျလိုက်ပါပဲ၊ စားသုံးသူရော ထုတ်လုပ်သူရော အဆင်ပြေတဲ့ ဈေးနှုန်းမှာပဲရှိနေတာ၊ ကြက်သားထုတ်လုပ်မှုများနေပြီး စားသုံးသူနည်းနေတဲ့ အခြေအနေ ဆက်ဖြစ်နေမယ်ဆိုရင် အငယ်စားနဲ့ အလတ်စားမွေးမြူသူတွေအနေနဲ့ကတော့ ရေရှည်မှာမွေးမြူနိုင်ဖို့ မလွယ်တော့ဘူး၊ အဓိက ထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုအထိ လျော့ချမှရမှာ၊ ထုတ်လုပ်မှုအတိုင်းအတာတစ်ခုအထိ လျော့ချမှ ဈေးက မျှခြေတစ်ခုအထိ ရောက်လာမှာ၊ ကြက်ပေါက် ထုတ်လုပ်မှုလျော့မှရမှာ၊ လက်ရှိ အခြေအနေမှာ စားသုံးမှုက ထုတ်လုပ်မှုအောက်လျော့နေတာ”ဟု ဆက်လက်ပြောကြားသည်။

အသားတိုးကြက်ဈေးကွက်ဟာ တစ်ရက်ထွက်ကုန် တစ်ရက်ရောင်းရတဲ့ ဈေးကွက်ဖြစ်တဲ့ အတွက် စားသုံးသူဘက်က အပြောင်းအလဲအနည်းငယ်ဖြစ်ရုံနဲ့ ခြံဖမ်းဈေးရုတ်တရက် ကျဆင်းနေတဲ့အနေအထားဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် အသားတိုးမွေးမြူသူများအနေဖြင့် မန္တလေးပတ်ဝန်းကျင်တွင် များပြီး ဥစားကြက်မွေးမြူသူများကတော့ ပြင်ဦးလွင်မှာများကြောင်း၊ တစ်နိုင်ငံလုံးအနေနဲ့ ကြက်ဥ စားသုံးမှုမှာ လူတစ်ဦးသည် တစ်နှစ်လျှင် အလုံး ၆ဝခန့်ရှိပြီး ကြက်သားစားသုံးမှုမှာ တစ်နှစ်ကို ငါးပိသာခန့်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်