မက်မန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ပျိုးထားသော စံပြစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်

မက်မန်း ဧပြီ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် နမ့်တော်ကျေးရွာတွင် တောင်သူ ဦးကျခူး စိုက်ပျိုးထားသော စံပြလက်ဖက်စိုက်ခင်းနှင့် ကော်ဖီစိုက်ခင်းအား မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဈေးကွက်ဝင် စိုက်ပျိုးထားသော လက်ဖက်နှင့် ကော်ဖီများ စိုက်ပျိုးထားရှိမှုအခြေအနေအားလည်းကောင်း၊ လက်ဖက်များခူး၍ လက်ဖက်ခြောက်ပြုလုပ်မှုအခြေအနေနှင့် ဈေးကွက်အတွင်း ရောင်းချနိုင်မှုအခြေအနေအားလည်းကောင်း၊ ကော်ဖီပင်များဖြစ်ထွန်းမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် တောင်သူဦးကျခူးစိုက်ခြံမှ တောင်သူပညာပေးစိုက်ပျိုးထားသော ပျိုးပင်များအား ပြန်လည်ဖြန့်ဝေပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ချိတ်ဆက်ပေးခဲ့ကြောင်းလည်း သိရသည်။

စောဉမ္မာ(ခရိုင်၊ ပြန်/ဆက်)