တောင်ကြီး ဧပြီ ၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ MSME အထောက်အကူပြုတောင်သူများသို့ ထောက်ပံ့ပေးအပ်သော ကော်ဖီစေ့လှော်စက်နှင့် အသေးစားဆီကြိတ်စက်များပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကော်ဖီစေ့လှော်စက်နှင့် အသေးစားဆီကြိတ်စက်ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကသီးနှံ(၁၀)မျိုးဖြစ်သည့် မိုးစပါး (၁၂၅၈၅၇၄)ဧက၊ အစေ့ထုတ်ပြောင်း (၁၀၁၈၁၀၄)ဧက၊ မြေပဲ (၁၂၀၈၅၆)ဧက၊ နှမ်း (၃၉၇၄၄)ဧက၊ နေကြာ (၃၆၅၃၉)ဧက၊ ပဲတီစိမ်း(၁၁၈၅၆)ဧက၊ မတ်ပဲ(၆၈၅)ဧက၊ ပဲစဥ်းငုံ(၄၉၃၇၁)ဧက၊ ဝါ(၄၅၀)ဧက၊ ကြံ(၁၇၁၄၃၁)ဧက စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ဆီဖူလုံမှုအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်မှာ (၇၅.၄၅)%၊ ၂၀၂၃-၂၀၂၄ခုနှစ်မှာ (၇၆.၁၂)% ရှိပါကြောင်း၊ ဖူလုံမှုတိုးတက်လာသော်လည်း ရာနှုန်းပြည့်ဖူလုံပြီး ပိုလျှံသောစားသုံးဆီများကို အခြားဒေသသို့ ပြန်လည်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် ဆီထွက်သီးနှံအမယ်(၆)မျိုး(မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ ဆီမုံလာ၊ ဆီမုံညင်း)ကို စိုက်ပျိုးလျက်ရှိပြီး ဧရိယာဧကအားဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်မှ ဧက(၄၁၆၆၁၇)သိန်းခန့် စိုက်ပျိုးခဲ့ကြောင်း စာရင်းဇယားများအရ သိရှိရပါကြောင်း၊ ဆီထွက်သီးနှံအလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရန်လည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဆီဖူလုံမှု အပြည့်အဝရရှိစေရန်အတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နေကြာသီးနှံ(၂၁၀၆)ဧက ထပ်မံတိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး နေကြာသီးနှံအပါအဝင် အခြားဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆီထွက်သီးနှံအထူးဇုန်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်များတွင် မြေပဲနှင့်နေကြာသီးနှံကို (၂၁၂၂၉)ဧက ဆောင်ရွက်သွားမှာဖြစ်ပြီး ထွက်ရှိလာသော သီးနှံများ ဆီကြိတ်ခွဲရာတွင် အရည်အသွေးကောင်းမွန်စေရန်အတွက် အသေးစားဆီကြိတ်စက်များကို ယနေ့အခမ်းအနားတွင် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆီထွက်သီးနှံအထူးဇုန်တွင်ပါဝင်သော တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်မှ တောင်သူများအား အသေးစားဆီကြိတ်စက်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ တောင်သူကိုယ်စားလှယ်များအသီးသီးက လက်ခံရယူကြပြီး ဆီထွက်သီးနှံအထူးဇုန်တွင်ပါဝင်သော တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသေးစား ဆီကြိတ်စက်ဖြင့် မြေပဲဆီကြိတ်နေမှုကို ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)