နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေထီးတော်ကြံ့ခိုင်မှု စစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဧပြီ ၃၀

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေထီးတော်ကြံ့ခိုင်မှုစစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီတွင် နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ ဂေါပကအဖွဲ့ရုံးခန်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပ္ပါတန္တိစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများနှင့် ပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရွှေထီးတော်ကြံ့ခိုင်မှုအား စစ်ဆေးရန်အတွက်  ရွှေထီးတော်ကြံ့ခိုင်မှု စစ်ဆေးရေးဆပ်ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး ထီးတော်စစ်ဆေးခြင်း မဆောင်ရွက်ရသည်မှာ (၁၀)နှစ်တာကာလခန့် ကြာမြင့်နေပြီဖြစ်သည့်အတွက် ထီးတော်စစ်ဆေးရန် ဖွဲ့စည်းပေးထားသည့် အဖွဲ့အနေဖြင့် ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်များအလိုက် သေသေချာချာစစ်ဆေးကြရန်လိုအပ်ကြောင်း၊ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့စေရေးအတွက် ထပ်မံတိုးမြှင့်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြင်ဆင်ရမည့်လုပ်ငန်းများရှိပါက စနစ်တကျတင်ပြဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က အလှူငွေရရှိမှုအခြေအနေများကိုလည်းကောင်း၊ ရွှေထီးတော်ကြံ့ခိုင်မှုစစ်ဆေးရန် စစ်ဆေးရေးဆပ်ကော်မတီအတွင်းရေးမှူး ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဦးထွန်းကြည်နှင့် ဆပ်ကော်မတီအဖွဲ့ဝင်၊ ဦးအောင်မြတ်(ပညာရှင်)၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း(ငြိမ်း)တို့က လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အမှတ်(၈၅)တံတားအနီး ငလိုက်ချောင်းတစ်လျှောက်တွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ငလိုက်ချောင်း ချောင်းကမ်းပါးများတွင် မြေယာရှုခင်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သန့်ရှင်းသာယာလှပရေး၊  ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသော မြန်မာမှုလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး၊ ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်အား အမြဲမပြတ်သန့်ရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်၊ မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ထိထိရောက်ရောက်ဖြင့် အကျိုးသက်ရောက်မှုရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့မှာကြားပြီး ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)