မော်လမြိုင်မြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လမြိုင် ဧပြီ ၂၉

မွန်ပြည်နယ် သစ်တောဦးစီးဌာနနှင့် မော်လမြိုင်မြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အောင်တော်မူ၊ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုက သစ်တောဦးစီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ လျော့နည်းစေရန် ရည်ရွယ်ချက်များဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းမ စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ စိုက်ပျိုးလျက်ရှိကြောင်း၊ ကျေးလက်ဒေသ စိမ်းလန်းစိုပြေစေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့်ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် သစ်ပင်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရေးနှင့် သဘာဝသစ်တောများ ပြုန်းတီးမှုလျော့ချနိုင်ရေးတို့ကို အကောင်ထည်ဖော်ဆောင်ရွက်​ကြရန် ပြောကြားသည်။

ထို့နောက် မော်လမြိုင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးနိုင်က သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ သစ်တောများနှင့် ရေဝေရေလဲ ထိန်းသိမ်းရေး အကြောင်းအရာများနှင့် ပက်သက်၍ အသိပညာပေးဟောပြောပြီး၊ မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းက သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ပက်သက်၍ အသိပညာပေးခြင်း အကြောင်းအရာများအား ဟောပြောခဲ့သည်။

ယင်းနောက် မော်လမြိုင်/ သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး အသိပညာပေး ဟောပြောပြီး တက်ရောက်လာသော ကျောင်းသူ/ ကျောင်းသားများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား၍ အသိပညာပေး ဗီဒီယိုမှတ်တမ်းအားပြသကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာ ဦးစီးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၆၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)