မိုင်းယောင်းမြို့နယ်၌ ဒန့်သလွန်သီးများ လှိုင်လှိုင်ထွက်၍ ဈေးကောင်းရရှိ

မိုင်းယောင်း  ဧပြီ  ၂၉

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယခုအခါ ဒန့်သလွန်သီးများ လှိုင်လှိုင်ထွက်၍ ရောင်းအားကောင်းကာ ဈေးကောင်းရရှိနေခြင်းကြောင့် ဒန့်သလွန်ပင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိထားလုပ်ကိုင်လျက်ရှိရာ ဒန့်သလွန်ပင်ကို နေအိမ်ဝန်းအတွင်း၌လည်းကောင်း၊ ဥယျာဉ်ခြံအတွင်း၌လည်းကောင်း တိုက်ရိုက်စိုက်ပျိုးခြင်း၊ ပင်စည်အကိုင်းဖြတ်အသုံးပြုခြင်းတို့ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။ ထို့အပြင် ဒန့်သလွန်ပင်များသည် သင့်လျော်သောမြေနှင့် ကောင်းမွန်သော ရာသီဥတုအခြေအနေများကြောင့် သဘာဝအရ ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ ရာသီဥတုအပြောင်းအလဲများကြောင့် နွေရာသီကာလအပူချိန်မြင့်မားနေသည့်အတွက် ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီးများကို ဝယ်ယူစားသုံးသူများပြားနေပြီး ဒန့်သလွန်ရွက်တစ်စည်းလျှင် ငွေကျပ် ၅၀၀၊ ဒန့်သလွန်သီးတစ်စည်းလျှင် ငွေကျပ် ၁၀၀၀ ရောင်းရပြီး ရောင်းအားကောင်းကာ ဈေးကောင်းရရှိနေခြင်းကြောင့် ဒန့်သလွန်ပင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)