ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးကောင်းသဖြင့် ကွမ်းစိုက်သူများ အဆင်ပြေလျက်ရှိ

ကျောက်ဆည် ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးကောင်းသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ငါးလုံကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးမြင့်ကြည်က ပြောပြ၍ သိရသည်။

ကွမ်းပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး ရေကြိုက်နှစ်သည့်အတွက် ငြမ်းစင်များ ပြုလုပ်ပေးရပြီး အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း၊ နေရောင်ခြည်တိုက်ရိုက်ကျမှုဒဏ်ကို မခံနိုင်သဖြင့် အမိုးအကာများ ပြုလုပ်၍ စိုက်ပျိုးရကြောင်း၊ မိုးရာသီတွင်ကွမ်းရွက် အထွက်နှုန်းကောင်းသော်လည်း နွေရာသီနှင့် ဆောင်းရာသီများတွင် ကွမ်းရွက်အထွက်နှုန်း နည်းပါးပြီး  ရောင်းချရာတွင် ဈေးကောင်းရရှိပြီး  ကွမ်းရွက်ကောင်းပါက (၁)ပိသာငွေ ကျပ် (၁၆၀၀၀) ကျပ်မှ (၁၈၀၀၀) ကျပ်အထိ ရောင်းချရကြောင်းနှင့် ကွမ်းစိုက်ပျိုးမည်ဆိုပါက သွင်းအားစုများပြီး ရာသီဥတုဒဏ် ခံနိုင်ရည်နည်းပါးသဖြင့် နေ့စဉ် ဂရုစိုက်စောင့်ကြည့်၍ လေဝင်လေထွက် ကောင်းမွန်စေရန် အမိုးအကာများ လှပ်ပေးခြင်း၊ ကွမ်းအညွှန်များအား ငြမ်းတိုင်များနှင့် ကပ်၍ချည်ပေးခြင်း၊ မြေကျွေးခြင်း (မြေဘောင်တင်ခြင်း)၊ ရေသွင်းခြင်း စသည့် လိုအပ်သည်များမပြတ် ပြုလုပ်ပေးရကြောင်း၊ ဂရုစိုက်မှု နည်းပါက ကွမ်းပင်များ ပိုးကျ၍ ကွမ်းရွက်အထွက်နှုန်း ကျဆင်းကာ ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးမှုများရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကွမ်းပင်များကို သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုး ကျေးရွာများတွင် ကွမ်းအများဆုံး စိုက်ပျိုးကြကြောင်းနှင့် ထွက်ရှိလာသော ကွမ်းရွက်များကို ကျောက်ဆည်မြို့ရှိ ကွမ်းရွက်အဝယ်ဒိုင်များမှတဆင့် အမြို့မြို့အနယ်နယ်ရှိ မြို့များသို့ အဝေးပြေး ခရီးသည်တင်ကားများဖြင့် ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)