ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသော ပဲတီစိမ်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်မြောင်းချောင်ကန်များ ပေါများပြီး စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်ကို အဓိကထား စိုက်ပျိုးကြကြောင်းနှင့်  ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြိုရာသီ၌ ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြို ပဲတီစိမ်းသီးနှံများကို မင်းရဲမြောင်းရေဖြင့် (၂၃၆) ဧက၊ သင်းတွဲမြောင်းရေဖြင့် (၃၁၄၁) ဧက၊ ငပြောင်မြောင်းရေဖြင့် (၇၈၀) ဧက၊  ဇီးတောမြောင်းရေဖြင့် (၁၁၀) ဧက၊ နွားတက် မြောင်းရေဖြင့် (၃၈၇၂) ဧက၊ တမုတ်မြောင်းရေဖြင့် (၈၁၄) ဧက၊ ထုံးကြီးမြောင်းရေဖြင့် (၃၃၄) ဧက၊ စမာမြောင်းရေဖြင့် (၇၆၅) ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စိုက်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဒေသနှင့်ကိုက်ညီပြီး မှိုရောဂါပိုး ဒဏ်ခံနိုင်သော ရေဆင်း (၁၁)နှင့် ရေဆင်း (၁၄) ပဲတီမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိပြီး မျိုးစေ့ကုန်ကျမှု သက်သာ၍ အထွက်နှုန်း သေချာသည့် သိပ္ပံနည်းကျ ဘောင်စနစ်ဖြင့် စိုက်ပျိုးရေးနည်းပညာများ  ကူညီပေးလျက်ရှိကြောင်း  သိရသည်။

သက်မောင်(ပြန်/ဆက်)