ပြင်ဦးလွင် ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်မှု (Heat Prevention Awareness Campaign) အနေဖြင့် အယ်နီညိုအကြောင်း သိကောင်းစရာများနှင့် ပတ်သက်သော သတင်းစကား လက်ကမ်းစာစောင်များကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က ဈေးလေးမီးပွိုင့်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် ဇီးပင်ကြီးတွင် ဖွင့်လှစ်ခဲ့သော မန္တလေးတိုင်းဒေသကြီး Facility Quarantine Center မှ Volunteer များနှင့် ပြင်ဦးလွင်မြို့ Green Challenge Association (GCA) အဖွဲ့တို့ ပူးပေါင်းကာ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အယ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သော မိုးလေဝသ အခြေအနေများ၊ အပူချိန်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သောရောဂါများ၊ အပူချိန်ပြင်းထန်မှုကြောင့် ရာသီဥတုနှင့် ဘေးဖြစ်နိုင်သောအခြေအနေများ၊ Heat Stoke လက္ခဏာများ၊ Heat Stoke ဖြစ်ပေါ်လာပါက အရေးပေါ်ကုသနိုင်သည့် နည်းလမ်းများ၊ အပူဒဏ်ကာကွယ်နေထိုင်မှုပုံစံများ စသည့် အကြောင်းအရာများပါ၀င်သည့် လက်ကမ်းစာစောင် (၁၅၀)နှင့် ဦးထုပ်အလုံးရေ (၁၅၀)အား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)